အရက်ကို ဆေးဝါးတွေနဲ့ တွဲသောက်မိရင် ဘာတွေဖြစ်နိုင်သလဲ
အရက်ကို စွဲစွဲမြဲမြဲသောက်တတ်တာပဲဖြစ်ဖြစ် တစ်ခါတစ်လေမှ အပျော်သဘောနဲ့ အရက်သောက်တာပဲဖြစ်ဖြစ် ဆေးနဲ့ အရက်ကို လုံးဝတွဲမသောက်သင့်ပါဘူး။ အရက်ကို ဆေးနဲ့ တွဲသောက်မိတဲ့အခါမှာ ဆေးရဲ့ အာနိသင်နည်းသွားတာ၊ ဆေးရဲ့ ချေဖျက်မှုတွေကို နှေးစေ မြန်စေတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုများစေတာ၊ ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေတာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ဘယ်လိုဆေးတွေက အရက်နဲ့ တွဲမသောက်သင့်တာလဲ?
(၁) ပိုးသတ်ဆေး
ပိုးသတ်ဆေးတိုင်းက အရက်နဲ့ ဓါတ်မပြုနိုင်ပေမယ့် တစ်ချို့သော ပိုးသတ်ဆေးတွေကို အရက်နဲ့ အတူတွဲသောက်မိတဲ့အခါမှာ ခေါင်းမူးတာ၊ ပျို့အန်တာ၊ အသားအရောင် နီရဲလာတာ၊ နှလုံးခုန်နှုန်းမြန်လာတာ၊ မူးဝေတာနဲ့ အိပ်င်ိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် Metronidazole, Erythromycin, Isoniazid စတဲ့ ဆေးတွေကို အရက်နဲ့ မသောက်သုံးသင့်ပါဘူး။
(၂) အကိုက်အခဲပျောက်ဆေးများ
ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်သောက်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေကို အရက်နဲ့ အတူတူတွဲသောက်တဲ့အခါမှာ အစာအိမ်အနာဖြစ်တာ၊ အစာအိမ်သွေးယိုတာတွေကို ပိုဆိုးစေပါတယ်။ ပါရာစီတမောကို အရက်နဲ့အတူ တွဲသောက်မိတဲ့အခါမှာ ဆေး ချေဖျက်ရာမှာ ထွက်လာတဲ့ အန္တရာယ်ရှိဒြပ်ပေါင်းကို ပိုများစေတာကြောင့် အထူးသတိထားသင့်ပါတယ်။ ပါရာစီတမောပမာဏ များစွာသောက်သုံးမိတဲ့အခါမှာ အသည်း ထိခိုက်ပျက်စီးတာတွေအထိ ဖြစ်စေနိုင်ပါတယ်။
(၃) အိပ်ဆေးနဲ့ အာရုံကြောဆေးများ
Benzodiazepines ကဲ့သို့သော အိပ်ဆေးများ၊ Antihistamines ၊ စိတ်ကျရောဂါမှာ အသုံးပြုတဲ့ဆေးများကို အရက်နဲ့ အတူတူတွဲသောက်တဲ့အခါမှာ အိပ်ချင်တာ၊ နုံးချိပြီး အားမရှိတာ၊ ခေါင်းမူးဝေတာ စတဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
(၄) သွေးကျဲဆေးများ
အရေးကြီးတဲ့ သွေးကျဲဆေးတစ်မျိုးဖြစ်တဲ့ Warfarin ကို အရက်နဲ့ အတူတူသောက်တဲ့အခါမှာ ဆေးရဲ့ အာနိသင်ကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ အရက်ပမာဏ အနည်းငယ်သောက်သုံးမိတဲ့အခါမှာ ဆေးရဲ့ သွေးကျဲတဲ့ အာနိသင်ကို ပိုများစေပြီး သွေးယိုတာတွေကို ဖြစ်စေနိုင်ပါတယ်။ ရေရှည် အရက်ကို စွဲမြဲစွာ သောက်တတ်သူတွေမှားတော့ Warfarin ရဲ့ ချေဖျက်မှုကို အားပေးတာကြောင့် ဆေးပမာဏမလုံလောက်တာ၊ အာနိသင်အပြည့်အဝမရတာတွေ ဖြစ်နိုင်ပါတယ်။
အရက်ကို ဆေးဝါးတွေနဲ့ တွဲသောက်တဲ့အခါမှာ ကောင်းကျိုးမရှိပဲ ဆိုးကျိုးက ပိုများစေပြီး အခန့်မသင့်ရင် ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ်များစေပါတယ်။ ဒါ့ကြောင့် ဆေးမသောက်ခင်မှာ အရက်နဲ့ အနည်းဆုံး ၂၄ နာရီကနေ ၇၂ နာရီအထိ ခြားသောက်ဖို့ လိုပါတယ်။ ဆေးသောက်ပုံနည်းစနစ်နဲ့ ပတ်သက်ပြီး နားမလည်တာရှိရင် ဆေးဝါးပညာရှင်ကို သေချာမေးမြန်းပြီးမှ သောက်ပေးဖို့ အရေးကြီးကြောင်း မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)